“ရေဘေးကြောင့်‌သေဆုံးသူတစ်ဦးကို ၈ သိန်းကျပ် ထောက်ပံ့ပေးမည်”

19 Sep

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးဒဏ်ကြောင့် သေဆုံးသူတစ်ဦးကို ထောက်ပံ့ကြေးအဖြစ် ၈ သိန်းကျပ်ပေးအပ်သွားမယ်လို့ စက်တင်ဘာလ ၁၈ ရက် သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးကြောင့်‌သေဆုံးသူတစ်ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၅ သိန်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ် ၃ သိန်း စုစုပေါင်း ၈ သိန်းကျပ် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ရေဘေးကြောင့်‌သေဆုံးသူများကို သီးခြားထပ်မံထောက်ပံ့မှုများ ပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မုန်တိုင်းတိုက်ခတ်မှုအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချောင်းရေ/မြစ်ရေများ အဆက်မပြတ်မြင့်တက်မှုကြောင့် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်/ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူ‌သေဆုံးမှုနှင့် ပျောက်ဆုံးမှုများ၊ နေအိမ်၊ ရုံးဌာနအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အခြားအဆောက်အဦများပျက်စီးမှုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နံနက် ၉ နာရီအထိ စာရင်းများအရ ရေဘေးကြောင့် ‌သေဆုံးသူ ၂၆၈ ဦးရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၈၈ ဦးရှိတာကြောင့် ရှာဖွေမှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .