“ရော်ဘာလုပ်ငန်းများစတင်နိုင်ရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိ”

18 Sep

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ယခုနှစ် ရော်ဘာရာသီအတွက် လုပ်ငန်းများစတင်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း ရော်ဘာခြံလုပ်ငန်းရှင်များထံမှ သိရပါတယ်။ မြိတ်မြို့နယ်၌ ရော်ဘာခြံများတွင် တောခုတ်ခြင်း၊ တောရှင်းခြင်းနှင့် ဓာတ်မြေဩဇာကျွေးခြင်းများကို စက်တင်ဘာလ ၁ ရက်မှစတင်၍ ဆောင်ရွက်နေကြပြီး စက်တင်ဘာလနောက်ဆုံးပတ်တွင် ရော်ဘာ အစေးလှီးခြင်း နှင့် ရော်ဘာအစေးထုတ်လုပ်ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရော်ဘာခြံများတွင် ရော်ဘာများကို ရော်ဘာအစေးရည်၊ ရော်ဘာအပြား၊ ရော်ဘာအစေးရည်၊ ခွက်လုံးခွက်ခဲ၊ ခွက်ကပ်များနှင့် အစေးရည်ပုံးခဲများ စသဖြင့် အမျိုးမျိုးပြုလုပ်၍ ရောင်းချလျက်ရှိကြပါတယ်။ မြိတ်မြို့နယ်အတွင်း၌ ရော်ဘာထုတ်လုပ်ရောင်းချသူများသည် ရော်ဘာများကိုဒေသတွင်း ဝယ်လက်များ၊ မြို့ပေါ်ရှိအဝယ်ဒိုင်များနှင့် အစေးရည်ဝယ်ကုမ္ပဏီများသို့ အဓိကထားတင်ပို့ရောင်းချကြပြီး ထားဝယ်နှင့် ပုလောမြို့ နယ်ဘက်တို့မှ လာရောက်ဝယ်ယူသူများကိုလည်း ဈေးကောင်းရရှိမှုအပေါ်မူတည်၍ ရောင်းချလျက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)

18 Sep

ADVERTISE HERE .