“ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရေတိုက်စားပြီး ပျက်စီးခဲ့တဲ့ ရထားလမ်းပိုင်းများကို ပြန်လည်ပြုပြင်လျက်ရှိ”

18 Sep

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ရထားလမ်းပိုင်းများကို ပြုပြင်လျက်ရှိရာ သာစည် - ရွှေညောင် နှင့် ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းမှ ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ ပြန်လည် ပြုပြင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မှာကြားခဲ့ပါတယ်။ ရထားလမ်းပိုင်းများနှင့် ဘူတာနေရာများ၊ ယာဒ်ဝင်းများ၊ ရထားလမ်းတာပေါင်များနှင့် ရထားလမ်း တံတား နေရာများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က စက်တင်ဘာလ ၁၄ ရက် မှ ၁၆ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးစဉ်ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအပြင် မြေထိန်းနံရံများ စနစ်တကျ ဆောင်ရွက်ကာ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပျက်စီး ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့တဲ့ တာပေါင်နေရာများ သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်း၊ သတ်မှတ် စံချိန်စံနှုန်း အတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ပြန်လည်ဖြည့်သွင်းပြီး Hand Tamping Machine ဖြင့် ပတ်ကင်ရိုက်ခြင်း၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျပြန်လည်စစ်ဆေး၍ ပြုပြင် ဆောင်ရွက်ခြင်း၊ လမ်းပိုင်းအလိုက် လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာမှာ သတ်မှတ်ထားတဲ့ Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင် ပြုပြင်ရန်၊ လိုအပ်တဲ့ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည်အသုံးပြုနိုင်တဲ့ ဆယ်တင် ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြန်လည်အသုံးပြုသွားရန် စသည်တို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .