“ဆက်သွယ်ရေးဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီဖိုက်ဘာလမ်းကြောင်း ဆောင်ရွက်မည်”

18 Sep

သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်နှင့်တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရမည်းသင်း အော်တိုအိတ်ချိန်းအဆောက်အဦနှင့် စက်ခန်းများအတွင်း ရေဝင်ရောက်ခဲ့ရာမှ ပြန်လည်ပြင်ဆင်တပ်ဆင်ထားမှုအခြေအနေများ၊ ပြည်ညောင်ကျေးရွာအနီးမိုင်တိုင် ၄၆ တွင် ရေတိုက်စားသဖြင့် အဝေးဆက်သွယ်ရေး ဖိုက်ဘာတိုင်များ လဲကျနေမှု၊ လမ်းခရီးတစ်လျှောက် ရေတိုက်စားသဖြင့် ဖိုက်ဘာ ဆက်ကြောင်းများ ပြတ်တောက်နေမှု၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုဘိုင်းစခန်း၊ အော်တိုအိတ်ချိန်းနှင့် စာတိုက်ရုံးများ ပြန်လည်ပြင်ဆင်ထားမှုနှင့် အေးသာယာအော်တိုအိတ်ချိန်းတို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုစစ်ဆေးစဉ် အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင် ရေး၊ ဆက်သွယ်ရေးဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီ ဖိုက်ဘာလမ်းကြောင်း သွယ်တန်းဆောင်ရွက် ရေး၊ စက်ခန်းများအတွင်း ရေဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများနှင့် အရေးကြီးစာရွက် စာတမ်းများ စနစ်တကျသိမ်းဆည်းရန် အစီအမံများကို ဆွေးနွေးမှာကြားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်ကြီးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံးမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ Atom Myanmar Limited ၊ Ooredoo Myanmar Limited နှင့် Telecom International Myanmar Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တောင်ကြီးမြို့ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော တို့ရှိ စာတိုက်နှင့် အော်တိုအိတ်ချိန်းရုံးများ၊ ကလော-နေပြည်တော် လမ်းကြောင်း တစ်လျှောက် ဖိုက်ဘာလမ်းကြောင်း အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .