“ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး လမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုများဆောင်ရွက်”

17 Sep

မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးဟာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၄ ရက်က မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင်းဘူတာအထိ မွမ်းမံပြင်ဆင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်း ဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတားအမှတ် (၆၉၁)၏ ပေ ၄၀ သံပေါင် ခုနစ်ခု အနက် လေးခု ရေထဲပြုတ်ကျကာ ကမ်းကပ်ခုံ နှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိတဲ့ အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်တာကြောင့် စက်ယန္တရားများအသုံးပြုပြီး တံတားများအား အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်နိုင် ရန်အတွက် မှာကြားခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း “ရာဂီ”၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး တိုင်းဒေသကြီးတို့နှင့်ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်(တောင်ပိုင်း) သာစည်- ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့တွင် ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီး ခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှု လုပ်ငန်း များ ထိခိုက်လျက်ရှိရာ ရထားများအမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်း နှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ် တို့ဖြင့် စနစ်တကျ စီမံကြီးကြပ် ဆောင်ရွက်လျက်ရှိနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ (NVS-004)

17 Sep

ADVERTISE HERE .