“ဂွါဒါလာဂျာရာ အိုးပင်းချန်ပီယံဆု ရရှိခဲ့တဲ့ ဖရက်ချ်”
17 Sepအသက် ၂၆ နှစ်အရွယ် ပိုလန်တင်းနစ်မယ် ဖရက်ချ် ဟာ ကစားသမားဘဝ ပထမဆုံး WTA တိုးချန်ပီယံဆု အဖြစ် ဂွါဒါလာဂျာရာ အိုးပင်းချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ဆီဒင်အဆင့်(၅) ရထားတဲ့ ဖရက်ချ် ဟာ စက်တင်ဘာလ ၁၅ ရက်က ဗိုလ်လုပွဲမှာ ဩစတြေးလျ တင်းနစ်မယ် ဂါဒက်စ်ကီးနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ WTA Tourကစားသမားဘဝစတင်ခဲ့တဲ့ ဖရက်ချ် အတွက် အခုဗိုလ်လုပွဲက ကစားသမားဘဝ ဒုတိယမြောက် WTA Tourဗိုလ်လုပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လက ပရက်ချ်အိုးပင်းဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ဖရက်ချ် ဟာ အခုပွဲစဉ်မှာတော့ အမှားအယွင်းနည်းအောင် သတိထားကစားခဲ့သလို ပြိုင်ဘက်ကိုလည်း ဖိအားပေးနိုင် ဖို့ ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂါဒက်စ်ကီး ကတော့ သူမရဲ့ ကစားသမားဘဝ ပထမဆုံး WTA Tour ဖိုင်နယ်ပွဲမှာ စိတ်လှုပ်ရှားမှု များနေခဲ့တာကိုလည်း တွေ့ရပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၅၆ မိနစ်ကြာမြင့်ခဲ့ပြီးနောက် ဖရက်ချ် က ၇း၆၊၆း၄ ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ဂွါဒါလာဂျာရာအိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ချန်ပီယံဆုရခဲ့တဲ့အတွက် ဖရက်ချ် ဟာ စက်တင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာလည်း ကစားသမားဘဝ အမြင့်ဆုံးအဖြစ် အဆင့်(၃၂) မှာ ရပ်တည်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)