“ပွဲစဉ်များပြားနေမှုကို ဝေဖန်လိုက်တဲ့ အကန်ဂျီ”
17 Sepဘောလုံးရာသီတစ်ခုအတွင်း ပွဲစဉ်တွေများစွာ ကစားရတဲ့အတွက် ကစားသမားတွေအနေနဲ့ အချိန်မတိုင်ခင် အနားယူရတာမျိုးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ မန်စီးတီးနောက်ခံလူ အကန်ဂျီက ပြောကြားလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် အကန်ဂျီ ဟာ မန်စီးတီးအသင်းကနေ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပွဲစဉ်များပြားနေမှုအပေါ် အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဇူလိုင်လ ၆ ရက်မှာ မန်စီးတီးအသင်းနဲ့အတူ ရာသီပိတ်ပွဲကို ကစားခဲ့ရတဲ့ အကန်ဂျီ ဟာ ဆွစ်ဇာလန်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရပါတယ်။ မန်စီးတီးအသင်းကို ပြန်လာခဲ့ရပြီး ဩဂုတ်လ ၁၀ ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်စီးတီးအသင်းမှာ ပါဝင်ကစားပေးခဲ့ရပါတယ်။ အကန်ဂျီ ဟာ အခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပွဲစဉ်များစွာကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ပွဲစဉ်တွေများပြားစွာ ကစားနေရမှုက ကစားသမားတွေအတွက် ကြံ့ခိုင်မှုအပြည့်ရစေဖို့ ခက်ခဲ သလို လုံလောက်တဲ့ အနားယူမှု မရတဲ့အတွက် ဒဏ်ရာပြဿနာတွေနဲ့ပါ ရင်ဆိုင်ရဖို့ အန္တရာယ်ရှိတယ်လို့ အကန်ဂျီ က ပြောကြားသွားခဲ့ပါတယ်။ ဒီလိုပွဲစဉ်တွေ ဆက်တိုက်ကစားနေရမယ်ဆိုရင် သူ့အနေနဲ့ အသက် ၃၀ အရွယ်မှာပဲ ကစား သမားဘဝကနေ အနားယူရနိုင်တယ်လို့ နောက်ပြောင် ပြောကြားသွားခဲ့ပါတယ်။ (NVS 008)