“မြို့မြေများ တိုးချဲ့ရာမှာTown Plan များစနစ်တကျရေးဆွဲကာ စည်းကမ်းနှင့်အညီ တင်ပြရမည်”

17 Sep

မြေနှင့်ပတ်သက်ကာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တိကျစွာလိုက်နာ ဆောင်ရွက် သွားရန်လိုအပ်ပြီး မြို့မြေများ တိုးချဲ့ရာမှာ Town Plan များစနစ်တကျရေးဆွဲ၍ စည်းကမ်းနှင့်အညီ တင်ပြပြီးမှသာ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၆ ရက်မှာ ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံခဲ့ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး‌စဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နစကဥက္ကဋ္ဌက ပုဂံညောင်ဦးဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြေများ ရှိတဲ့အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အထူးအလေးထားဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို အခြားနည်းများနဲ့ သုံးစွဲခြင်း ကြောင့် ဒေသရဲ့ ဖူလုံရေးကို ထိခိုက်စေနိုင်တဲ့အတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲရာမှာ သတ်မှတ်ထုတ်ပြန် ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့်အညီ တိကျစွာလိုက်နာလုပ်ဆောင်ရန်လိုအပ်ပြီး ဒေသရှိမြေများကို အကျိုးရှိရှိ အသုံးချနိုင်ရေး Town Plan များ စနစ်တကျရေးဆွဲရမှာဖြစ်တယ်လို့ မှာကြားခဲ့ပါတယ်။ အခုလို Town Plan ရေးဆွဲရာမှာ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အုပ်ချုပ်ရေး ဆိုင်ရာရုံးဌာန အဆောက်အဦများ၊ အပန်းဖြေနေရာများကို စနစ်တကျထည့်သွင်းနိုင်ရေး အချိန်ယူဆွေးနွေးတိုင်ပင် ကာ တွက်ချက်ရေးဆွဲသွားရန်လိုကြောင်းကိုလည်း ထပ်မံမှာကြားခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်တဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေပြီး တာဝန်ရှိသူများက မိမိတို့တာဝန်ထမ်းဆောင်ရတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက် လုပ်ဆောင်သင့်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

17 Sep

ADVERTISE HERE .