“ရှန်ဟိုင်းမြို့ က မုန်တိုင်း ဘီဘင်ကာ တိုက်ခတ်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်”
16 Sepတရုတ်နိုင်ငံ၏စီးပွားရေးမြို့တော်တစ်ခုဖြစ်သော ရှန်ဟိုင်းမြို့က မကြာမီတိုက်ခတ်လာနိုင်သည့် အင်အား ပြင်း တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုမုန်တိုင်းက ရှန်ဟိုင်းမြို့သို့ စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် စက်တင်ဘာ လ ၁၅ ရက်တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်နားကာ သင်္ဘောများကိုကမ်းသို့ ပြန်ကပ်ခိုင်းပြီး ခရီးသွား နေရာများကို ပိတ်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအချိန် တိုင်းထွာချက်များအရ ဘီဘင်ကာသည် ရှန်ဟိုင်းမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာတွင် ရောက်ရှိနေပြီး မုန်တိုင်းဗဟိုချက်အနီး လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၁၄၃ ကီလိုမီတာနှုန်းအထိ ရှိသည်။ ထို့ကြောင့် အဆိုပါမုန်တိုင်း ဘီဘင်ကာ သည် ၁၉၄၉ ခုနှစ် နောက်ပိုင်း ရှန်ဟိုင်းမြို့သို့ ဝင်ရောက်တိုက်ခတ်သည့် အားအပြင်းဆုံးသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း တစ်လုံး ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံမိုးလေဝသဌာနက နိုင်ငံအရှေ့ပိုင်း၌ လေပြင်းများတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးချက်တွင် ထုတ်ပြန်ထားသည်။ ထို့အတွက် ရှန်ဟိုင်းမြို့ မှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များအားလုံး ဖျက်သိမ်းပြီး တစ်ချိန်တည်းမှာပင် ရထားခရီးစဉ်များကိုလည်း ဖျက်သိမ်းထားသည်။ ရှန်ဟိုင်းမြို့သည် ၁၉၄၉ ခုနှစ်တွင် တိုင်ဖွန်း ဂလိုရီယာတိုက်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရကာ ထိုစဉ် ကလည်း မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၄ ကီလိုမီတာနှုန်း ရှိသည်ဟု RTA သတင်းဌာန ဖော်ပြချက်အရ သိရသည်။