“ယီမင် က ပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေးအလယ်ပိုင်းသို့ ကျရောက်ခဲ့”
16 Sepယီမင်နိုင်ငံက ပစ်လွှတ်လိုက်သည့် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်တစ်စင်းသည် အစ္စရေးနိုင်ငံအလယ်ပိုင်း သို့ ကျရောက်ပေါက်ကွဲကြောင်းနှင့် ထိခိုက်ပျက်စီးမှုများကို ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း အစ္စရေးတပ်မတော် က စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင်အစ္စရေးလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် ထိုဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် ကြိုးပမ်းသော်လည်း ဒုံးကျည်မှာ လူနေရပ်ကွက်များနှင့် ဝေးရာ နေရာသို့ ကျရောက်ပေါက်ကွဲသွားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယီမင်နိုင်ငံရှိ ဟေတီအဖွဲ့ က ၎င်းတို့သည် ဂျဖာဒေသရှိ စစ်စခန်းတစ်ခုကို အသံနှုန်းလွန် အမြင့်ပျံဒုံးကျည် တစ်စင်းဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက်တွင် ပြောသည်။ ယင်းဒုံးကျည် အသစ်ကို ရန်သူ၏လေကြောင်း ကာကွယ်ရေးစနစ်က ကြားဖြတ်နိုင်ခြင်းမရှိကြောင်းနှင့် အချိန်အားဖြင့် ၁၁ မိနစ်ခွဲ အတွင်း ၁,၂၆၈ မိုင်အထိ ရောက်ကာ ပစ်မှတ်ကို ထိမှန်ခြင်း ဖြစ်ကြောင်း ဟေတီအဖွဲ့က ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။