“နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျက်စီးသွားတဲ့ တံတားများကို ပြန်လည်ပြင်ဆင်”

16 Sep

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးသွားတဲ့ တံတားတွေကို ယာယီ ဘေလီတံတားထိုးပြီး ပြန်လည်ပြင်ဆင်တာနဲ့ လမ်းတွေကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။ အများပြည်သူ သွားလာရေးအဆင်ပြေစေဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်သွားဖို့ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်က စက်တင်ဘာလ ၁၃ ရက်က နေပြည်တော်အတွင်း ပျက်စီးသွားတဲ့ လမ်း၊ တံတားတွေ အရေးပေါ် ပြန်လည် ပြင်ဆင်ဆောင်ရွက်မှုကို ကြည့်ရှု စစ်ဆေးရာတွင် မှာကြားခဲ့ပါတယ်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် ၂၄၅ မိုင်၊ ၇ ဖာလုံရှိ နဝင်းချောင်းတံတား(အဆုံတံတား)နဲ့ ဆင်သေချောင်းတံတား(ပုပ္ပါးကုန်း)တွေ ချောင်းရေတိုက်စားတာကြောင့် ပျက်စီးသွားတဲ့ တံတားချဉ်းကပ်လမ်း၊ တံတားထိပ်ခုံနဲ့ လမ်းတာပေါင်နေရာကို ဘေလီတံတားထိုးပြီး ယာယီပြင်ဆင်ဆောင်ရွက်ပြီးစီးရင် အများပြည်သူ အသုံးပြုနိုင်ရေး ဖွင့်လှစ်ပေးဖို့နဲ့ ပြုပြင်ဖို့ လိုအပ်ရင်အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားဖို့ကို မှာကြားခဲ့ပါတယ်။ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က ဆင်သေချောင်းတံတားရဲ့ ပျက်စီးနေတဲ့ နေရာတွေကို ယာယီဘေလီတံတားထိုးပြီး ပြုပြင်နေရာ အများပြည်သူလမ်းပန်းဆက်သွယ်မှု မပြတ်တောက်ရေး အမြန်ပြီးစီးရေး တွန်းအားပေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .