တိုက်ဂါးဝုဒ် နောက်ကျောဒဏ်ရာကို ထပ်မံခွဲစိတ်မှုပြုလုပ်

15 Sep

မေဂျာဆုဖလား ၁၅ ကြိမ်ရရှိထားတဲ့ အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာ နာကျင်မှုသက်သာစေဖို့အတွက် ခွဲစိတ်မှုတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၃ ရက်က ဖလော်ရီဒါမှာ တိုက်ဂါးဝုဒ်ရဲ့နောက်ကျောဒဏ်ရာကို နောက်တစ်ကြိမ် ထပ်မံ ခွဲစိတ်ကုသခဲ့ရပြီး ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တယ်လို့ တိုက်ဂါးဝုဒ်က သူ့ရဲ့ လူမှုကွန်ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ အသက် ၄၈ နှစ်အရွယ် တိုက်ဂါးဝုဒ်ဟာ အခုနှစ်အတွင်း နောက်ဆုံး ယှဉ်ပြိုင်မှုအဖြစ် ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ (The Open) ပွဲကို ဝင်ပြိုင်ခဲ့ပြီးနောက် အနားယူနေခဲ့တာ ဖြစ်ပါတယ်။ အခုလို ခွဲစိတ်ကုသမှုကြောင့် လာမယ့်နှစ်အတွင်းမှာ ဒဏ်ရာနာကျင်မှုသက်သာပြီး ပြိုင်ပွဲတွေကို အကောင်းဆုံးဝင်ပြိုင်နိုင်ဖို့ တိုက်ဂါးဝုဒ် က မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း တိုက်ဂါးဝုဒ်ဟာ နောက်ကျောဒဏ်ရာခွဲစိတ်ကုသမှုတွေကို ပြုလုပ်ခဲ့ရသလို ၂၀၂၁ ခုနှစ်တုန်းကလည်း ယာဉ်မတော်တဆမှုကြောင့် ပြင်းထန်တဲ့ခြေထောက်ဒဏ်ရာကို ရရှိထားခဲ့ဖူးပါတယ်။(NVS 008)

15 Sep

ADVERTISE HERE .