ရေဘေးသင့်ဒေသများ သို့ မိုဘိုင်းဖုန်းသုံးစွဲမှုနှင့် အနုပညာရှင်များ၏ လှူဒါန်းမှုများပြုလုပ်

15 Sep

ရေဘေးသင့်ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် အခမဲ့ ဖုန်းပြောဆိုခွင့် နဲ့ စာတို (SMS) ပေးပို့ခွင့် တွေကို ဖုန်းအော်ပရေတာတွေက အခမဲ့ပေးအပ်လှူဒါန်းထားတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။ ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာပြီး မြစ်ရေကြီးတဲ့အတွက် ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူတွေ အဆင်ပြေ ချောမွေ့စေဖို့ ကူညီပံ့ပိုး ဆောင်ရွက်ပေးတာဖြစ်တယ် လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့် မိနစ် ၇၀၀ နဲ့ စာတိုပေးပို့ခွင့် အစောင် ၇၀၀ ၊ အက်တမ်မြန်မာလီမိတက် (ATOM) က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့် မိနစ် ၅၀၀ နဲ့ စာတို ပေးပို့ခွင့် အစောင် ၅၀၀၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo)က မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောခွင့် နဲ့ စာတို ပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက် (Mytel)က မိုဘိုင်းဖုန်း အချင်းချင်း ဖုန်းပြောခွင့် မိနစ် ၁,၀၀၀ နဲ့ အခမဲ့ စာတိုပေးပို့ခွင့် အစောင် ၁,၀၀၀ တို့ကို အခမဲ့ ပေးအပ်လှူဒါန်းတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အခုလို အခမဲ့လှူဒါန်းမှုကို စက်တင်ဘာလ ၁၃ ရက်က စပြီး ၇ ရက်အထိ အသုံးပြုခွင့်အဖြစ် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာတွေက ပေးအပ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရေဘေးသင့်ဒေသများသို့ အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ပိုင်တံခွန်၊ ဂျွန်လွင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမျိုးဆက်၊ ခိုင်နှင်းဝေ၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ စိုးပြည့်သဇင်၊ ယုသန္တာတင်၊ ဆောင်းအိန္ဒြေထွန်း၊ ကိုသာဂိ၊ ပိုပို စတဲ့ အနုပညာရှင်တွေအပါအဝင် အနုပညာရှင်အများအပြားက အလှူငွေတွေ၊ အစားအသောက်တွေ၊ အဝတ်အထည်တွေနဲ့ဆေးဝါးတွေလှူဒါန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အနုပညာရှင်တွေရဲ့ လှူဒါန်းမှုတွေထဲ မှာ အနုပညာချစ်ပရိသတ်တွေနဲ့ အခြားအလှူရှင်တွေရဲ့ ပူးပေါင်း ပါဝင်လှူဒါန်းမှုမျာလည်း ပါဝင်ခဲ့ကြောင်း သိရပါ တယ်။ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်း အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုခြောက်သောင်းနီးပါး၊ လူဦးရေ နှစ်သိန်း ကျော်ရှိပြီး ရေဘေးကူညီကယ်ဆယ်ရေး စခန်း ၁၈၇ ခု ဖွင့်လှစ်ထားရတယ်လို့တပ်မတော်သတင်းမှန် ပြန်ကြားရေးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 003)

15 Sep

ADVERTISE HERE .