မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံ၌ရှေးဟောင်းဘုရားစေတီများ ပျက်စီးမှုများဖြစ်ပေါ်

14 Sep

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၂ ရက်က ရှေးဟောင်းဘုရားစေတီ အဆောက်အအုံ ၉ ခု ပျက်စီးမှုများ ရှိခဲ့ တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ၂ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်း ခဲ့တာကြောင့် ဘုရားအမှတ်-၁ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းက ခြင်္သေ့ရုပ်မြောက်ဘက် အုတ်တံတိုင်း အနည်းငယ်ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၅၉၇ သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်း အုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား မဟာရံတံတိုင်းမြောက်ဘက်နဲ့ အရှေ့ဘက်အဝင်မုခ် အနည်းငယ် ပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၈၂(ငှက်ပစ်တောင်အစု) ရင်ပြင်အုတ်ခုံပဲ့ကျခြင်း၊ ဘုရားအမှတ်-၁၆၇ (ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်း ပဲ့ကျခြင်း၊ ဘုရားအမှတ်- ၁၀၄၂ ဆင်ကအုတ်တိုက် နံရံနှစ်ဖက် ပေါင်းကူးအမိုးပြိုကျခြင်း၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန် ပဲ့ကျခြင်း၊ ဘုရားအမှတ်-၇၁၁ လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းအုတ်များပဲ့ကျခြင်း၊ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်အနည်းငယ်ပဲ့ကျခြင်း၊ အရှေ့ဘက်တံတိုင်းအုတ်များပဲ့ကျခြင်း၊ ဘုရားအမှတ် - ၃၄၅ အနောက်တောင်ထောင့် နဲ့ အနောက်ဘက် အောက်ခြေခုံပဲ့ကျခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ရှေးဟောင်းဘုရားစေတီ အဆောက်အအုံတွေကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူတွေက အမြဲမပြတ်စောင့်ကြည့်ကာ ရှေးမူမပျက် ပြန်လည် ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။(NVS 003)

14 Sep

ADVERTISE HERE .