“ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ အထောက်အထား မပြနိုင်သည့် အေဂျင်စီ ၅၀ ကို ထပ်မံသတိပေး”

10 Sep

ပြည်ပနိုင်ငံများမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားများရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၅၀ ကို ထပ်မံသတိပေးကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အေဂျင်စီများအနေနဲ့ သြဂုတ်လအတွက် စေလွှတ်တဲ့ အလုပ်သမားစာရင်း လချုပ်ကို ပေးပို့ခြင်း မရှိသေးတဲ့ အတွက် ပေးပို့ရန်ပျက်ကွက်ပါက စေလွှတ်ခွင့် ဆိုင်းငံ့မည့်အပြင် ဒဏ်ကြေးပါပေးဆောင်ရမည် ဖြစ်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံရန် ပျက်ကွက်တဲ့ အေဂျင်စီ ၈ ခု၊ အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၇၁ ခုနှင့် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီစွာ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ အေဂျင်စီမှ စေလွှတ်ခဲ့တဲ့ အလုပ်သမားများအနေနဲ့ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅% ကို တစ်လလျှင်တစ်ကြိမ် (သို့) ၃ လလျှင် ၁ ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၈ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများက မိမိတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားများ ရဲ့ ငွေလွှဲပို့ရေး လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေး ကူညီပေးရမယ့်အပြင် ငွေလွှဲအထောက်အထား မိတ္တူများရယူ၍ လစဉ်လွှဲပို့တဲ့ အထောက်အထားများကို လချုပ်အဖြစ် အလုပ်သမားဝန်ကြီးဌာနသို့ မပျက်မကွက် တင်ပြရမယ်လို့ အသိပေးထားပါတယ်။ အရေးယူခံရတဲ့ အေဂျင်စီများအနေနဲ့ အလုပ်သမားများရဲ့ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီမှသာ စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမယ်လို့ သိရပါတယ်။ (NVS 003)

10 Sep

ADVERTISE HERE .