“အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိချောင်းအမျိုးမျိုး ဆက်လက်ထုတ်လုပ်မည်”

10 Sep

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က စက်တင်ဘာလ ၇ ရက်နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး သံရည်ကျိုအလုပ်ရုံ အမှတ်(၁)မှာ သံရည်ကျို လုပ်ငန်းဆောင်ရွက်နေမှု၊ လေးထောင့်ပုံသံမဏိချောင်းများ ထုတ်လုပ်နေမှု၊ အောက်ဆီဂျင်အလုပ်ရုံ လည်ပတ်နေမှု၊ သံရည်ကျိုအလုပ်ရုံ အမှတ်(၂)လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒုတိယဝန်ကြီးက စက်ရုံအစည်းအဝေးခန်းမမှာ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အမှတ် (၁) သံမဏိ စက်ရုံ(မြင်းခြံ)က နိုင်ငံပိုင်သံမဏိစက်ရုံဖြစ်ပြီး ထုတ်လုပ်တဲ့ သံမဏိချောင်းများရဲ့ အရည်အသွေးကို သတ်မှတ် စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်ရှိ စနစ်တကျ စစ်ဆေးဆောင်ရွက် ရန်နှင့် စက်ရုံမှ ထုတ်လုပ်သော လေးထောင့်ပုံသံမဏိချောင်းများမှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိ ချောင်းအမျိုးမျိုး ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်၍ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် စက် အရန်ပစ္စည်းများကို ကြိုတင်ဝယ်ယူဖြည့်တင်းထားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဝန်ထမ်း တစ်ဦးချင်းစီအနေနဲ့ သတ်မှတ်စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝန်ထမ်းများရဲ့ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

10 Sep

ADVERTISE HERE .