“နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ မိုးပိုလာဦးမည်”

09 Sep

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာလ ၉ ရက် နံနက် ၇ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ် နေသော မုန်တိုင်းငယ်(Depression)က အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်း လာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင် ခန့်၊ ပါရာဒစ်ရှ်မြို့(Paradip)၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ချန်ဘလီမြို့(Chandbali)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး နိုင်ပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်များကတော့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာလ ၉ ရက် နေလည် ၁၁ နာရီခွဲ တိုင်းတာချက်များအရ မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာတဲ့အတွက် အထူးသတိပြုနေထိုင်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။ မယ်ဆိုင်ချောင်းရေ ဟာ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရဲ့ စိုးရိမ်ရေအမှတ် ၃၉၀ စင်တီမီတာ(၁၂ ဒသမ ၈၀ ပေ)အထက် ၃ ပေခန့်ကျော်လွန်ရောက်ရှိနေ ပါတယ်။ အဆိုပါ မြစ်‌ရေဟာ နောက်တစ်ရက် အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနှင့်မြေနိမ့်ဒေသများမှာ နေထိုင်သူများ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အသိပေးထုတ်ပြန်ထား ပါတယ်။ (NVS 008)

09 Sep

ADVERTISE HERE .