“ဒေါ်လာဈေးနှင့်အတူ ရွှေဈေးပါကျဆင်းလာ”

09 Sep

ယခုစက်တင်ဘာလအတွင်း ပြင်ပစျေးကွက်မှာ ဒေါ်လာဈေးနှုန်းက တရှိန်ထိုးကျဆင်းလာပြီး ယင်းနှင့်အတူ ရွှေဈေးပါကျဆင်းလာနေပါတယ်။ စက်တင်ဘာလ ၈ ရက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်းဟာ တစ်ဒေါ်လာ ကို ၅,၁၅၀ အထိ ကျဆင်းလာသလို ရွှေဈေးနှုန်းကလည်း သိန်း ၈၀ ကျော်မှ ၆၆ သိန်းအထိ ကျဆင်းလာတယ်လို့ သိရပါတယ်။ အလားတူ ဘတ်ငွေလဲလှယ်နှုန်း၊ ယွမ်လဲလှယ်နှုန်းသည်လည်း ကျဆင်းလာပြီး မြန်မာကျပ်ငွေပြန်တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဈေးကစားသူများရဲ့ ဈေးဆွဲတင်မှုများကြောင့် ဒေါ်လာဈေးနှုန်းက စံချိန်တင် အမြင့်ဆုံး သို့ ရောက်ရှိခဲ့တာကြောင့် ဗဟိုဘဏ်အနေနဲ့ ဒေါ်လာများကို ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် ထုတ်ရောင်းပေးခဲ့ရာ အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၉ သန်းကို ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် ယခုစက်တင်ဘာလ ပထမပတ်မှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂ သန်း၊ တရုတ်ယွမ် ၄ သန်းနှင့် ထိုင်းဘတ် ၄၅ သန်းကျော်ကို ရောင်းချ ပေးထားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၂,၅၀၀ အောက်သို့ ပြန်လည်ကျဆင်းလာမှုတို့ကြောင့် ဩဂုတ်လအတွင်း ကျပ်သိန်း ၈၀ ကျော်ထိ မြင့်တက်ထားတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာလည်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၆၆ သိန်းသို့ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့ ဒေါ်လာနှင့်ရွှေစျေးကျလာပေမယ့် အခြားကုန်ပစ္စည်းစျေးနှုန်းများက ပြန်လည် ကျဆင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ (NVS 003)

09 Sep

ADVERTISE HERE .