ယူအက်စ်အိုးပင်း ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တဲ့ ဆင်နာ

08 Sep

ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ်သမား ဆင်နာ ဟာ စက်တင်ဘာလ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ် အိုးပင်းဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်ကိုအနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဆင်နာ ဟာ ဆီမီးဖိုင်နယ် ပွဲအဖြစ် ဗြိတိန်တင်းနစ်သမား ဒါပါ နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲကစားနေချိန်အတွင်း ဆင်နာ က လက်ကောက်ဝတ် ဒဏ်ရာရခဲ့ပေမယ့် ပွဲပြီးတဲ့အထိ ကစားသွားခဲ့ပါတယ်။ ဗြိတိန်တင်းနစ်သမား ဒါပါ ကလည်း နယူးယော့ခ်ရဲ့ အပူချိန်နဲ့စိုထိုင်းဆအောက်မှာ ပွဲကစားနိုင်ဖို့ကို ရုန်းကန် နေခဲ့ရပြီး ပွဲကစားနေချိန်အတွင်း ၃ ကြိမ်လောက် အန်ခဲ့ရတဲ့အထိ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဒါပါ အနေနဲ့ ပွဲကို အာရုံစူးစိုက်နိုင်မှုအပိုင်းမှာ အားနည်းခဲ့ရပြီး အမှားအယွင်းတွေများခဲ့တာကြောင့် ဆင်နာ ကို အမှတ်တွေ ပေးခဲ့ရ ပါတယ်။ ပွဲအပြီးမှာ ဆင်နာ က (၇း၅၊ ၇း၆၊ ၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို ဒုတိယအကြိမ်မြောက် တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။ ဆင်နာ အနေနဲ့ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့ရတဲ့ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဩစတြေးလျ အိုးပင်းချန်ပီယံဆုကို ရရှိထားတာဖြစ်ပါတယ်။ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဆင်နာ ဟာ အမေရိကန်နိုင်ငံသား ဖရစ်ခ် နဲ့ ကစားရမှာ ဖြစ်ပါတယ်။(NVS 008)

08 Sep

ADVERTISE HERE .