မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထား

08 Sep

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိလို့ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် နယ်မြေတည်ငြိမ်မှုအပါအဝင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးခြင်း၊ မကြာခဏလမ်းပိတ်ခြင်းတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ ယမန်နှစ်ကထက် သိသိသာသာ လျော့ကျခဲ့ကြောင်းနဲ့ ပွင့်လင်းရာသီရောက်မှသာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း နယ်စပ်ကုန်သည်များရဲ့ ပြောပြချက် အရ သိရပါတယ်။ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နေပြီး ၎င်းကုန်သွယ်မှုများအနက် ထီးခီးနယ်စပ်မှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို လမ်းကြောင်းအသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်း များကို ပြန်လည်တင်သွင်းလျက်ရှိပါတယ်။(NVS 003)

08 Sep

ADVERTISE HERE .