အမ်ဘာပေ ကို ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း ဒက်ချမ့်စ် ချီးကျူး
07 Sepတိုက်စစ်မှူး အမ်ဘာပေ က ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဖြစ်သလို သွင်းဂိုးတွေရယူဖို့ကို အမြဲတမ်း ကြိုးစားအားထုတ်နေသူဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်စ် က ချီးကျူးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အမ်ဘာပေ ဟာ အခုနွေရာသီမှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ရီးရဲလ်ကစားသမားဘဝအစမှာ ဂိုးပေါက်ပျောက်နေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ လာလီဂါပွဲမှာတော့ အမ်ဘာပေ ဟာ ရီးရဲလ်အသင်းအတွက် သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း ဒက်ချမ့်စ် က အမ်ဘာပေ ရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးသွားခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူ ရရှိနေတဲ့ ဂိုးသွင်းခြေစွမ်းကို နိုင်ငံအသင်းဆီကိုပါ ယူဆောင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ သွင်းဂိုးအများဆုံး ကစားသမားဆုရခဲ့တဲ့ အမ်ဘာပေ ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာတော့ ပုံမှန်ဂိုးသွင်းခြေကို မပြနိုင်ခဲ့တာဖြစ်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဒက်ချမ့်စ် ကတော့ အမ်ဘာပေ ဟာ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ထူးချွန်သူဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။(NVS 008)