ယူဂန်ဒါအပြေးမယ် ချက်တီဂီ သေဆုံး

07 Sep

ချစ်သူရဲ့ ဓာတ်ဆီလောင်းမီးရှို့တာကို ခံခဲ့ရတဲ့ ယူဂန်ဒါအပြေးမယ် ချက်တီဂီ ဟာ ဆေးရုံမှာ ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ စက်တင်ဘာ ၅ ရက်မှာ ယူဂန်ဒါအိုလံပစ်ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ချက်တီဂီဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကင်ညာနိုင်ငံက နေအိမ်မှာနေထိုင်နေစဉ် ချစ်သူအမျိုးသားရဲ့တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် မီးလောင်ခဲ့ရပြီး ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ အောက်တိုဘာလနောက်ပိုင်း ကင်ညာနိုင်ငံ အတွင်းမှာ အသတ်ခံရတဲ့ တတိယမြောက် အမျိုးသမီးအားကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ အိုလံပစ်အပြေးမယ် ချက်တီဂီ ဟာ ချစ်သူအမျိုးသားရဲ့ ရက်စက် ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ရတယ်လို့ ယူဂန်ဒါအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက လူမှု ကွန်ရက်မှာ ရေးသားထားပါတယ်။ ပဲရစ်အိုလံပစ် မာရသွန်ပြိုင်ပွဲမှာ အဆင့်(၄၄)ရခဲ့တဲ့ ချက်တီဂီ ဟာ ကင်ညာနိုင်ငံ အတွင်းမှာနေထိုင်ပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။(NVS 008)

07 Sep

ADVERTISE HERE .