ကွန်းဖရင့်လိဂ်ကစားမည့် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ပယ်မာ

07 Sep

ကွန်းဖရင့်လိဂ်ပြိုင်ပွဲကစားမယ့် ချယ်လ်ဆီးအသင်းရဲ့လူစာရင်းကို ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်က ထုတ်ပြန် ခဲ့ရာမှာ အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ ပယ်မာ ရဲ့အမည် မပါဝင်တာကို တွေ့ရပါတယ်။ ချယ်လ်ဆီးအသင်း ကြေညာခဲ့တဲ့လူစာရင်းမှာ ပယ်မာ အပြင် ချီဝဲလ်၊ လာဗီယာ နဲ့ ဖိုဖာနာ တို့လည်း ပါမလာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဖော်ပြချက်အရ အခုဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း ၈၀ နီးပါးကစားရဖို့ရှိတာ ကြောင့် ကွန်းဖရင့်လိဂ် ပြိုင်ပွဲကစားမယ့် လူစာရင်းကနေ ပယ်မာ ကို အနားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လာဗီယာ နဲ့ ဖိုဖာနာတို့ ကတော့ ကာလရှည်ဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်တဲ့အတွက် ပွဲစဉ်အများစုကို မကစားစေချင်တာကြောင့် အခုလိုမျိုးလူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ နည်းပြမာရက်စကာရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ချီဝဲလ်ကတော့ အသင်းရဲ့ ကွန်းဖရင့်လိဂ်လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ကွန်းဖရင့်လိဂ်ပြိုင်ပွဲအတွက် လူစာရင်းကို ရှုံးထွက်ပွဲစဉ်တွေ မကစားခင် ၂၀၂၅ ဖေဖော်ဝါရီ ၆ ရက်မတိုင်မီ ပြောင်းလဲခွင့်ရှိနေသေးတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ပယ်မာ ကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းခွင့် ရှိနေတာပဲ ဖြစ်ပါတယ်။(NVS 008)

07 Sep

ADVERTISE HERE .