အလုပ်သမားလွှဲပို့ငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီ ၁၄၆ ခုကို အရေးယူ

07 Sep

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၅၀ နီးပါးကို အရေးယူထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို စစ်ဆေးခဲ့ရာ မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၈ ခု၊ အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီစွာ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူတာတွေ ဆောင်ရွက် ထားတာဖြစ်ပါတယ်။ ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ တွေကို ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ တာတွေနဲ့ ဒဏ်ကြေးငွေပေးဆောင်ခိုင်းတာ စတဲ့အရေးယူမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရ ပါတယ်။ အရေးယူခံရတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်ပရောက် မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း မိမိတို့ရဲ့ လုပ်ခလစာတွေကို လွှဲပြောင်းပေးပို့ဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ ထွက်ခွာမှုကာလ အကန့်အသတ်နဲ့ ပိတ်ပင်တာ၊ ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့် မပြုခြင်း စတာတွေအပြင် လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။(NVS 003)

07 Sep

ADVERTISE HERE .