မျောက်ကျောက်သံသယလူနာတွင် ဓာတ်ခွဲစစ်ဆေးမှုအရ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်းထုတ်ပြန်

07 Sep

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ မှန်လုံယာဉ်တစ်စီးပေါ်က တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ရောဂါသံသယ ဖြစ်ဖွယ်လူနာကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် မရမ်းချောင်စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ လာရောက်တဲ့ မှန်လုံယာဉ် တစ်စီးပေါ်မှာ အသက် ၄၅ နှစ်အရွယ် အမျိုးသားခရီးသည်တစ်ယောက်ဟာ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ မျက်နှာနဲ့ အရေပြားပေါ်မှာ အရည်ကြည်ဖုနဲ့ အသားဖုတွေထွက်တဲ့ လက္ခဏာတွေတွေ့ရှိခဲ့လို့ မျောက်ကျောက် သံသယလူနာအဖြစ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံရဲ့ သီးသန့်လူနာဆောင်မှာ ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူနာနဲ့အတူ ခရီးသည်တင်မော်တော်ယာဉ်မှာ လိုက်ပါလာသည့် အခြားခရီးသည် ၄၆ ယောက်ရှိပြီး တစ်ယောက်ချင်းကိုလည်း အထွေထွေကျန်းမာရေးစစ်ဆေးတာ နဲ့ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ သံသယရောဂါလက္ခဏာရှိသူမတွေ့ရှိရလို့ ခရီးသည်တွေရဲ့ အချက်အလက်တွေရယူပြီး ခရီးကို ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ မျောက်ကျောက်သံသယလူနာထံမှ ဓာတ်ခွဲနမူနာတွေရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို စက်တင်ဘာလ ၆ ရက်၊ မနက်ပိုင်းမှာ ပေးပို့ခဲ့ရာ ညနေပိုင်းမှာ ဓာတ်ခွဲအဖြေရရှိခဲ့ပြီး မျောက်ကျောက် ရောဂါဗိုင်းရပ်စ်ပိုး တွေ့ရှိခြင်းမရှိကြောင်းနဲ့ လူနာရဲ့ ကိုယ်ခံအားကျဆင်းလျက်ရှိတဲ့ ရောဂါကြောင့် ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲ အရေပြားရောဂါသာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 003)

07 Sep

ADVERTISE HERE .