“မလေးရှားနိုင်ငံသို့ သိုးနှင့် ဆိတ်အရှင်များ တင်ပို့သွားမည်”

05 Sep

မြန်မာနိုင်ငံမှ သိုးနှင့် ဆိတ်အရှင်များကို မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ သီလဝါဆိပ်ကမ်းရှိ တိရစ္ဆာန်ရောဂါထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station-AQS) ပြင်ဆင်ရေး၊ မလေးရှား Department of Veterinary Services မှ ပညာရှင်များဖိတ်ခေါ်၍ AQS စခန်း အတည်ပြု နိုင်ရေးနှင့် ရောဂါစူးစမ်းရှာဖွေထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေပါတယ်။ အဆိုပါ လုပ်ငန်းအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးလိုအပ်ချက်အစီအမံများကို နှစ်နိုင်ငံညှိနှိုင်း အတည်ပြုချက်ရယူခြင်း၊ မြန်မာနိုင်ငံမှထုတ်ပေးမည့် တိရစ္ဆာန်ကျန်းမာကြောင်းလက်မှတ်မူကြမ်း (Veterinary Health certificate model) ပေးပို့ကာ မလေးရှားနိုင်ငံနှင့် အတည်ပြုချက်ရယူခြင်းများကို ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်။ လက်ရှိမှာတော့ မလေးရှားနိုင်ငံသို့ သိုးနှင့်ဆိတ်ကို အရှင်တင်ပို့နိုင်ရန် သတ်မှတ်လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ပြီးဖြစ်တဲ့ Mansa Iron & Steel Fabrication & Manufacturing Co., Ltd က ရမည်းသင်း ခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ ယာယီစုဆောင်းရပ်တွင် စုဆောင်းထားရှိပြီးဖြစ်သော ဆိတ်အရှင်အကောင် ၁,၅၀၀ ကို ပထမအသုတ်အနေဖြင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်။ အဆိုပါ ကုမ္ပဏီအနေနဲ့ ယခုနှစ်အတွင်း ဆိတ်အရှင် အကောင် ၃၀,၀၀၀ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေပြီး လာမည့်နှစ်များတွင် ပိုမိုတင်ပို့နိုင်ရန် လည်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်တွင်းမွေးမြူရေးတောင်သူ များအနေနဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဈေးကွက်အလားအလာကောင်း များရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

05 Sep

ADVERTISE HERE .