“သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၌ (၁၄၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်”

05 Sep

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁ဝ ရက်မှ စက်တင်ဘာလ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ဂေါပကအဖွဲ့ ကနေ သိရပါတယ်။ ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်မှာ အစဉ်အလာမပျက် ရိုးရာလှေသဘင်ပွဲတော်ကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး ယခင်နှစ်က ရိုးရာလှေသဘင်ပွဲတော်မှာ ပြိုင်ပွဲဝင်အသင်းပေါင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှာ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို ပြိုင်ပွဲဝင်လှေအသင်း ၃၀ ခန့်နဲ့ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်မှာ ဖောင်တော်ဦးစေတီတော်မြတ် ဘုရားအနေကဇာတင်ခြင်း၊ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အစပြုပြီး ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲတွေကိုလဲ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါသမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ဆွမ်းသပိတ်လောင်းလှူပွဲ၊ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲများအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့်ပွဲဈေးတန်း၊ ဈေးအရောင်းဆိုင်များ၊ အရောင်းပြခန်းများကို ထည့်သွင်းပြသရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

05 Sep

ADVERTISE HERE .