“ယူအက်စ်အိုးပင်းမှာ ကွာတားတက်ရောက်နိုင်ခဲ့တဲ့ ဆွီယာတက်ခ်”

04 Sep

ကမ္ဘာ့အဆင့်(၁) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲတုန်းက စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဆွီယာတက်ခ် ဟာ အခုနှစ်ပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ ရုရှားတင်းနစ်မယ် ဆမ်ဆိုနိုဗာ နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆမ်ဆိုနိုဗာ ဟာ ပြီးခဲ့တဲ့အဆင့်တွေမှာ ပြိုင်ဘက်ကို ၂ ပွဲပြတ်တွေနဲ့ အနိုင်ယူလာခဲ့ပေမယ့် အခုအဆင့်မှာ ဆွီယာတက်ခ်ရဲ့ လက်စွမ်းကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ် ကတော့ ၂၀၂၂ ခုနှစ်က ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ လက်စွမ်းမျိုးကို အခုပွဲမှာ ပြသနိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁ နာရီခွဲအတွင်း ဆမ်ဆိုနိုဗာ ကို ၆း၄၊၆း၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ကိုကိုဂတ်ဖ်အပါအဝင် ချန်ပီယံဟောင်းအများစု ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် ဆွီယာတက်ခ်ကတော့ ပြိုင်ပွဲအတွင်းမှာ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့်မှာတော့ ဆွီယာတက်ခ် ဟာ ဆီဒင်အဆင့်(၆) ရထားတဲ့ အမေရိကန်တင်းနစ်မယ် ပီဂူလာနဲ့ ဆက်လက်ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ (NVS 008)

04 Sep

ADVERTISE HERE .