“ဂျာမနီအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူရမယ့် ကင်မစ်ချ်”
04 Sepလက်ရွေးစင်အဖြစ်ကနေ ကွင်းလယ်လူ ဂန်ဒိုဂန် အနားယူသွားပြီးနောက် ဂျာမနီလက်ရွေးစင်အသင်း ခေါင်းဆောင်အဖြစ် ကွင်းလယ်လူ ကင်မစ်ချ် ကို ရွေးချယ်လိုက်တယ်လို့ ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်း က စက်တင်ဘာလ ၂ ရက်က အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂန်ဒိုဂန် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ပွဲစဉ် ၅ ပွဲလုံးကို ပါဝင်ကစားခဲ့ပြီးနောက် လက်ရွေးစင်အဖြစ်ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကင်မစ်ချ် ကတော့ ၂၀၁၆ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အဖြစ် စတင်ပွဲထွက် ကစားပေး ခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၉၁ ပွဲအထိ ကစားပေးထားတာ ဖြစ်ပါတယ်။ နောက်ခံနေရာနှင့် ကွင်းလယ် နေရာတို့မှာ ကစားနိုင်စွမ်းရှိတဲ့ ကင်မစ်ချ် ဟာ ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ နည်းပြ နာဂယ်စ်မန်း ဟာ လက်ရွေးစင်အသင်းရဲ့ ဒုတိယအသင်း ခေါင်းဆောင်တွေအဖြစ် နောက်ခံလူ ရူဒီဂါ နဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တို့ကိုလည်း ရွေးချယ်သွားခဲ့ပါတယ်။ ဂျာမနီ အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဘော့စနီးယား၊ နယ်သာလန်အသင်းတွေနဲ့ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)