“ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်”

04 Sep

မွန်ပြည်နယ် ကျိုက္ခမီမြို့နယ်ရှိ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးဂေါပကအဖွဲ့က ဦးဆောင် ကျင်းပတဲ့ ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စက်တင်ဘာလ ၁၆ ရက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဂေါပက အဖွဲ့ရုံးကနေ သိရပါတယ်။ ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခင်နှစ်များအတိုင်း ရေလယ်ဘုရား ကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ရှေ့မှစတင်ပြီး ကျိုက္ခမီမြို့တွင်းလမ်းမတစ်လျှောက် မြို့လယ်လွတ်လပ်ရေး ကျောက်တိုင်ထိ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များက အလှူခံကြွရောက်တော်မူမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါလောင်လှူပွဲမှာ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းမှ သံဃာတော် ၂၈၄ ပါး၊ ရှင်သာမဏေ ၂၁၆ ပါးနဲ့ သီလရှင် ၂၄ ပါးကို ပျားရည်၊ ဆွမ်းဆန်တော်၊ အသီးအနှံ၊ စားသောက်ကုန်လှူဖွယ်အစုစုကို လောင်းလှူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်ဆွမ်းနဲ့ ဆွမ်းဆန်စိမ်း အလှူခံကြတဲ့ သံဃာတော်တွေ၊ သာမဏေတွေနဲ့ သီလရှင်တွေ ကို မြို့လယ်ဓမ္မာရုံကြီးမှာလဲ စာရေး တံမဲဖောက် အလှူပြုအုံးမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။ မြို့သူမြို့သားများက လမ်းမကြီး တစ်လျှောက် ပျားရည်၊ ဆွမ်းဆန်တော်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထု အစုစုတို့ကို လောင်းလှူကြခြင်းဖြစ်ပြီး ပျားရည်ရှားပါးသည့်ဒေသဖြစ်တဲ့အတွက် ပျားရည်ကို ကျောင်းတိုက်တိုင်းအတွက် အဓိကထားလှူဒါန်းကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

04 Sep

ADVERTISE HERE .