“၂၀၂၄-၂၀၂၅ ကြံရာသီတွင် မြန်မာ့သကြားများကို ဗီယက်နမ်နိုင်ငံအပြင် တခြားနိုင်ငံများသို့လည်း တိုးချဲ့တင်ပို့မည်”

03 Sep

၂ဝ၂၄-၂ဝ၂၅ ကြံရာသီတွင် ပြည်တွင်းမှထွက်ရှိသောသကြားများကို ဗီယက်နမ်နိုင်ငံအပြင် တခြားနိုင်ငံများသို့ လည်း တိုးချဲ့တင်ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။ မြန်မာ့သကြားကို ပြည်ပနိုင်ငံများက ဝယ်လိုအားရှိသော်လည်း ပြည်တွင်းစားသုံးမှုဖူလုံစေရန် ဦးစားပေး ဖြန့်ဖြူးရောင်းချနေပြီး ၂၀၂၄-၂၀၂၅ ကြံရာသီတွင် ပြည်တွင်းမှာ သကြားစက်ရုံအသစ်နှစ်ခု တိုးချဲ့လည်ပတ်မည် ဖြစ်ပြီး သကြားများပိုမိုထွက်ရှိလာနိုင်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း ပိုမိုတင်ပို့ ရောင်းချနိုင်မှာဖြစ်ပါတယ်။ နှစ်စဉ်ကြံရာသီမှာ ဒီဇင်ဘာလမှ ဧပြီလအထိဖြစ်ပြီး ၂၀၂၃-၂၀၂၄ ကြံရာသီကထွက်ရှိတဲ့ သကြားများကို ပြည်ပသို့တန်ချိန် တစ်သိန်းဝန်းကျင်တင်ပို့နိုင်ခဲ့ကာ နိုင်ငံခြားဝင်ငွေရရှိခဲ့ခြင်းကြောင့် စက်ရုံများအနေဖြင့်လည်း တွက်ခြေကိုက်လျက်ရှိပါတယ်။ ပြည်ပသို့တင်ပို့ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတ်မှတ် ပေးသော ပို့ကုန်ဈေးနှုန်းအတိုင်း တင်ပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာပေါက်ဈေးအတိုင်း ရရှိခဲ့ပါတယ်။ လက်ရှိ ပြည်တွင်းမှထွက်ရှိသော သကြားများကို ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး ဗီယက်နမ် နိုင်ငံအနေနဲ့ မြန်မာ့သကြားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပြုထားကြောင်း သိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .