“အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်း အပိုင်း(၁)ကို စက်တင်ဘာလကုန်တွင် အပြီး ဆောင်ရွက်မည်”

03 Sep

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ တည်ဆောက်လျက်ရှိသော အဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်ရေး စီမံကိန်းအပိုင်း(၁)ကို စက်တင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းကို အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ ရွာထောင်-သမ္ဘူလလမ်းပေါ်ရှိ အကျယ် အဝန်း ၁၀ ဒသမ ၀၄ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိ စီမံကိန်းအပိုင်း(၁)ဆောင်ရွက်နေမှုက ၉ဝ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ပါတယ်။ အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရေး စီမံကိန်းအပိုင်း(၁)ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ စတင်ပန္နက်ရိုက်ပြီး လုပ်ငန်းအကောင်အထည်ဖော်ခဲ့ပါတယ်။ ၎င်းစီမံကိန်းအပိုင်း(၁)တွင် မကွေးတိုင်း ဒေသကြီး အောင်လံခရိုင်မှာ Express ကားဂိတ်ရှစ်ခန်း၊ ကားလေးဂိတ်ခြောက်ခန်း၊ စားသောက်ဆိုင်ခန်းလေးခန်း၊ ဈေးဆိုင်ခန်းရှစ်ခန်း၊ ကုန်စည်ဂိတ်လေးဂိတ်နဲ့ အိုးဝေဂိတ်တစ်ဂိတ်တို့ ပါရှိပါတယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်း အရှည်ပေ ၂,၈၁၀၊ အကျယ်ပေ ၃၀၊ ထု ၉ လက်မရှိသော ပတ်လမ်းကွန်ကရစ်ခင်းခြင်း၊ အများပြည်သူသုံးအိမ်သာနှင့် ရေချိုးခန်းများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည့်အပြင် ခရီးသည် အပို့၊ အကြိုပြုလုပ်သောယာဉ်များ ယာယီရပ်နားနိုင်ရန်အတွက်လည်း အလျားပေ ၁၈၀၊ အနံပေ ၂၀ နှင့် အမြင့် ၁၆ ပေရှိသော အဆောက်အအုံတစ်ခုကိုလည်း Steel Structure ဖြင့် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲကာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်းအပိုင်း(၁)ကို အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဂိတ်ခန်း၊ ဆိုင်ခန်း၊ ပွဲရုံခန်းနှင့် ဈေးဆိုင်ခန်း ပိုင်ရှင်များ၏ တည်ဆောက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ စုစုပေါင်း ငွေကျပ်သန်း ၁,၇၀၀ ခန့် အကုန်အကျ ခံ တည်ဆောက်နေခြင်းဖြစ်ပါတယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းပြီးစီးပါက ဒေသအတွင်း ခရီးသွားလုပ်ငန်းများ အဆင်ပြေချောမွေ့လာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာခြင်း၊ မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ်ဖြစ်မှုကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .