အပူဒဏ်နဲ့ ကျန်းမာရေးအကြောင်းများ

13 Mar

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အပူဒဏ်နဲ့ ကျန်းမာရေး အကြောင်းများကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်မှာ နှလုံးတွေကလည်း ပုံမှန်ထက် သွေးတွေညှစ်ဖို့ အလုပ်ပို လုပ်ရပါတယ်။ အရေပြားကို သွေးပိုရောက်ဖို့ အတွက် ခန္ဓာကိုယ် အေးအောင် ချွေးထွက်များစေပြီး ထိန်းညှိရပါတယ်။ ဒီလို အပူချိန်ထိန်းညှိဖို့ ဟန်ချက်ညီညီ မလုပ်နိုင်တော့ဘူး ဆိုရင် တခြား ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး အန္တရာယ်များတဲ့ heat stroke လို့ ခေါ်တဲ့ အပူရှပ်ဝေဒနာကို ခံစားရမှာ ဖြစ်ပါတယ်။ နှလုံးညှစ်အား မကောင်းတဲ့ ဝေဒနာရှင်တွေကတော့ ပုံမှန် လူတွေထက် ပိုဂရုစိုက်ရပါမယ်။ အပူရှိန် (> 40.5 C ) ပိုလာရင်တော့ ပုံမှန် လူတွေမှာရော ၊တခြားရောဂါ အခံ ရှိသူတွေမှာပါ အပူဒဏ်ကြောင့် နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာနိုင်လို့ အားလုံးဂရုပြုရပါမယ်။ ၇၅ နှစ် အထက် အသက်အရွယ်ကြီးတဲ့သူတွေ ၊ အရမ်းငယ်တဲ့ ကလေး တွေ ၊ နှလုံး ရောဂါ ရှိသူတွေ သာမက နာတာရှည် ရောဂါ ရှိတဲ့သူတွေ (ဥပမာ ကျောက်ကပ်ရောဂါ ၊ သွေးချို နဲ့ အာရုံ ကြော မကောင်းတဲ့ သူတွေ) မှာ ပိုပြီး အန္တရာယ် များပါတယ်။ Heat exhaustion အပူရှပ်တဲ့ အစပိုင်းအဆင့်မှာတော့ ချွေးအများကြီး ထွက်ပါမယ်။နောက် ကိုယ်လက် အရေပြား အေးစက်လာမယ် ၊ နှုံးချိတာ၊ ပျို့တာ နဲ့ မူးချင်လာတာတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါမယ်။ Heat stroke အဆင့်ဖြစ် လာရင်တော့ အဖျားတက်လာမယ်၊ ပူမယ် အရေပြားခြောက်ပြီး ချွေးမထွက်တော့ပဲ ရီဝေဝေ ဖြစ်မယ်၊ ပျို့ အန်၊ အာရုံ ရှုပ်ထွေးပြီး သတိလစ်တော့မှာ ဖြစ်ပါတယ်။ အဲလိုလက္ခာဏာတွေပြသရင်တော့ အချိန်မှီ မကုသနိုင်ပါက သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ ကာကွယ်မှုအနေနဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ချွေးထွက်များစေတဲ့ အလုပ်နဲ့ လေ့ကျင့်ခန်းများ လုပ်ခြင်းကို ရှောင်ကြဉ်ပေးပါ။ ရေနဲ့ ဓာတ်ဆားရည်ကို ရေငတ်တိုင်း ၊ ချွေးထွက်များတိုင်း လုံလုံလောက် လောက် သောက်သုံးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ ဖရဲသီး နဲ့ အသီး ဖျော်ရည်တွေကို လည်း သောက်ပေးပါ။ အရက်နဲ့ ကော်ဖီတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ အေးပြီး အရိပ်ရတဲ့ နေရာတွေကို ရွေးချယ် နေပေးပါ။ အရောင်ဖျော့တဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေ ရွေးချယ်ဝတ်ပေးသင့်ပါတယ်။ အရောင်ရင့်ရင့်က အပူစုပ်ယူမှုတွေများပြီး အရောင်ဖျော့ အထူးသဖြင့် အဖြူရောင်က အရောင်ပြန် စေပါတယ်။ အဲ့ဒါမှ ခန္ဓာကိုယ်ရဲ့ အပူထိန်း စနစ် မှန်ကန်စွာ လုပ်ဆောင်နိုင်ပြီး ချွေးထုတ်အပူလျော့အောင် ထိန်းညှိတာ အဆင်ပြေမှာ ဖြစ်ပါတယ်။ (NVS 003)

13 Mar

ADVERTISE HERE .