ခြင် ပိုကိုက်ခံရတဲ့ အကြောင်းအရင်းများ

20 Feb

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ခြင် ပိုကိုက်ခံရတဲ့ အကြောင်းအရင်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ခြင်တွေကို ဆွဲဆောင်နိုင်အားက လူတစ်ယောက်ရဲ့ အရေပြားမှာရှိတဲ့ ဘက်တီးရီးယားအမျိုးအစားနဲ့ ပမာဏအပေါ်မှာလည်း မူတည်ပါတယ်။ ဒီလို ဘက်တီးရီးယားပိုးတွေဟာ အရေပြားပေါ် ပါဝင်လွှမ်းမိုးမှု ရှိနေခြင်းကြောင့်လည်း လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကိုယ်သင်းရနံ့ဟာ မတူညီကြပါဘူး။ အရေပြားမှာ ဘက်တီးရီးယားပိုး ပိုများသူတွေက ခြင်ကိုက်တာပိုခံရတယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့အပြင် လက်တစ်အက်ဆစ်၊ ယူရစ်အက်ဆစ်၊ အမိုးနီးယားနဲ့ ချွေးထဲမှာပါတဲ့ အခြား ဒြပ်ပေါင်းတွေကိုလည်း အနံ့ခံနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်အနွေးဓာတ်ပိုသူ၊ ချွေးထွက်သန်တဲ့ သူတွေက ၎င်းတို့ပစ်မှတ်ထားတဲ့ သားကောင်သဖွယ် ဖြစ်နေပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်သူတွေမှာ ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး လက်တစ်အက်ဆစ်ဓာတ် စုပုံနေတတ်ပါတယ်။ နောက်ပြီး တချို့သူတွေမှာ မျိုးဗီဇကိုက ယူရစ်အက်ဆစ်ဓာတ်များတဲ့ ဗီဇဖြစ်တဲ့အတွက် ခြင်ပိုကိုက်ခံရလေ့ရှိတတ်ပါတယ်။ ခြင်ထီးရော ခြင်မပါ ပန်းဝတ်ရည်ကို အာဟာရပြုပြီး အသက်ရှင်နေထိုင်ကြတယ်ဆိုပေမယ့် ခြင်မတွေကတော့ သွေးထဲမှ ပရိုတင်းဓာတ်ကိုပါ ဥဥနိုင်ဖို့အတွက် အာဟာရပြုကြရပါတယ်။ လေ့လာမှုတွေအရ O သွေးပိုင်ရှင်တွေက ခြင်ကိုက်အခံရဆုံးဖြစ်ပြီး၊ ဒုတိယအနေနဲ့ A သွေး၊ တတိယအနေနဲ့ B သွေး၊ စတုတ္ထ အနေနဲ့ AB သွေးတို့ ဖြစ်ကြောင်း သိရပါတယ်။ ဘီယာသောက်သူတွေရဲ့ ချွေးမှာ အီသနောပါဝင်မှုမြင့်ပြီး အရေပြားအပူချိန်ဟာ သာမန်ထက်ပိုခြင်းကြောင့် ဘီယာသောက်သူတွေကို ခြင်တွေ ပိုကိုက်တတ်ပါတယ်။ ခြင်တွေဟာ ၎င်းတို့ ကိုက်မယ့် သူကို မျက်လုံးအားအသုံးပြုပြီး ရှာဖွေပါတယ်။ ခြင်တွေက အမှောင်ကို ကြိုက်တာ သဘာဝဖြစ်တဲ့အတွက် အနက်ရောင်အဝတ်အစားဝတ်ထားသူကို ပိုကိုက်တတ်တာမဆန်းပေမယ့် အပြာရင့်ရောင်၊ အနီရောင်တွေဟာလည်း ၎င်းတို့မျက်စိကျတဲ့ အရောင်တွေဖြစ်ပြီး ဒီလိုအရောင်အသွေးရှိတဲ့ အဝတ်အစား ဝတ်ဆင် ထားသူကို ပိုကိုက်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာ သာမာန်အချိန်ထက် ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်ကို ဆွဲဆောင်နိုင်မှုနှစ်ဆပိုတယ်လို့ အာဖရိကတွင် ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ တွေ့ရှိထားပြီး ယင်းသို့ဖြစ်ရခြင်းမှာလည်း ကိုယ်ဝန်ဆောင်ချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ၂၁ ရာခိုင်နှုန်းပိုထုတ်နိုင်ခြင်း၊ ကိုယ်ဝန်ဆောင်တွေရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် ၁.၂၆ ဖာရင်ဟိုက်ပိုနေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နံ့ကို ပေ ၁၆၀ အေဝေးလောက်ကနေ အနံ့ခံနိုင်စွမ်းရှိပါတယ်။ လူတွေရဲ့ နှာခေါင်း၊ ပါးစပ်မှတစ်ဆင့်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အနံ့ကိုရကာ လူအနားကို ဝဲပျံလာကြတာပဲ ဖြစ်ပါတယ်။ (NVS 003)

20 Feb

ADVERTISE HERE .