“၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပခွင့်ရရန် ကြိုးပမ်းခဲ့တဲ့ စပိန်နှင့်မော်ရိုကို”

27 Nov

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ စပိန်နဲ့ မော်ရိုကို တို့ဟာ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့အတွက် အပြင်းအထန် ပြိုင်ဆိုင်နေကြတယ်လို့ သိရပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်နဲ့ မော်ရိုကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတာ ဖြစ်ပေမယ့် ဗိုလ်လုပွဲကျင်းပမယ့် ကွင်းကိုတော့ မဆုံးဖြတ်ရသေးတာ ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံက ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့အတွက် စိတ်ဝင်စားမှုမပြခဲ့သလို မော်ရိုကို ကလည်း အိမ်ရှင်လျှောက်ထားမှုမှာ နောက်ကျမှ ပါဝင်လာတာဖြစ်လို့ စပိန်အနေနဲ့ ဗိုလ်လုပွဲကို လက်ခံကျင်းပခွင့်ရလိမ့်မယ်လို့ ယုံကြည်နေခဲ့ကြတာပါ။ ဒါပေမယ့် ပရိသတ် ၁ သိန်းကျော် ဝင်ဆံ့တဲ့ အားကစားကွင်းသစ်ကြီးကို တည်ဆောက်နေတဲ့ မော်ရိုကို ဘက်က ဗိုလ်လုပွဲကို လက်ခံကျင်းပဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် ဗိုလ်လုပွဲကို ကျင်းပခွင့်ရဖို့က အပြိုင်အဆိုင် ဖြစ်လာခဲ့ပါတယ်။ စပိန်နိုင်ငံက ရီးရဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းနဲ့ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းတို့ကို ဗိုလ်လုပွဲ လက်ခံကျင်းပဖို့အတွက် တင်ပြထားပြီး မော်ရိုကို ဘက်ကတော့ သူတို့ရဲ့ ကွင်းသစ်ကြီးကို အမည်စာရင်း တင်သွင်းထားပါတယ်။ (NVS 008)

27 Nov

ADVERTISE HERE .