“အမေရိကန်အစိုးရက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ၁၄ နိုင်ငံတို့၏ ပို့ကုန်များအပေါ် အခွန်စည်းကြပ်မည့် အစီအစဉ်ကို အဆိုပြုထား”
27 Nov
တရုတ်၊ ဂျပန်၊ ဥရောပသမဂ္ဂ နိုင်ငံများအပါအဝင် အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၁၄ နိုင်ငံတို့၏ ပို့ကုန် များအပေါ် အခွန်စည်းကြပ်မှုများ ထပ်မံပြုလုပ်ရေးအစီအစဉ်ကို အမေရိကန်အစိုးရက နိုဝင်ဘာလ ၂၅ ရက်တွင် အဆိုပြုထားကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ နိုဝင်ဘာ ၃ ရက် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့် ၏ ရီပတ်ဘလီကန်ပါတီ အရေးနိမ့်ခဲ့ပြီးနောက် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒအရ အဆိုပါကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၁၄ နိုင်ငံတို့၏ ပို့ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ထပ်မံပြုလုပ်ရန် အမေရိကန်အစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ဂျပန်နိုင်ငံအပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၁၄ နိုင်ငံတို့၏ စက်မှုလုပ်ငန်းထုတ်လုပ်မှု၊ စွမ်းဆောင်ရည် လွန်ကဲမှုကို တုံ့ပြန်ရေးအတွက် ထိုနိုင်ငံများ၏ ပို့ကုန်များအပေါ် ၂ဝ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ အခွန် စည်းကြပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့် ၏ အခွန်စည်းကြပ်မှုများနှင့် ဆက်စပ်ကုန်သွယ်ရေး သဘောတူညီချက်များ ဥပဒေအရ၊ နိုင်ငံရေးအရ ခိုင်မာလာစေရန်အတွက် ၁၉၇၄ ကုန်သွယ်ရေး ဥပဒေတစ်ရပ်ဖြင့် နောက်ခံပြုပေးထား ရန်လည်း ကြိုးပမ်းမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့အတူ ဘရာဇီးနိုင်ငံ၏ အမ်ဘရေရာလေယာဉ်ပို့ကုန်များကိုလည်း ၁ဝ ရာခိုင်နှုန်းထိ ထပ်မံအခွန်စည်းကြပ် ရန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက သီးခြားအဆိုပြုထားသည်။ သမ္မတ ဒေါ်နယ်ထရမ့် ၏ ပို့ကုန်ခွန်စည်းကြပ်မှုမူဝါဒနှင့် ထိုမူဝါဒ၏ လူနေမှုစရိတ်အပေါ် အကျိုး သက်ရောက်မှုများသည် နိုဝင်ဘာလ ၃ ရက် ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့မှု၏ နောက်ခံအကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်းသိရသည်။