“ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောတိုက်ခိုက်ခံရပြီးနောက် လူ ၁၁ ဦး ဒဏ်ရာရကာ တစ်ဦး ပျောက်ဆုံးနေဟု UAE ရေနံကုမ္ပဏီဆို”
19 Nov
အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ(ADNOC)၏ ကုမ္ပဏီခွဲတစ်ခုက ၎င်းတို့ပိုင်သင်္ဘောတစ်စင်း နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေစဉ် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သင်္ဘောသား ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၁၈ ရက်၌ ပြောကြားခဲ့သည်။ အခြားသင်္ဘောသားများအားလုံးကို သင်္ဘောပေါ်မှ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ များမှာလည်း လိုအပ်သောဆေးကုသမှုများ ခံယူလျက်ရှိကြောင်း ADNOC Logistics & Services ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော သင်္ဘောသားအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် ကုမ္ပဏီက သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိရေးနှင့် ပင်လယ်ရေကြောင်းလုံခြုံရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် တရားဝင်သတင်းရင်းမြစ်များကိုသာ ယုံကြည်အားထားကြရန်နှင့် အတည်မပြုရသေးသော သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းမပြုကြရန် တိုက်တွန်းထားသည်။ အဘူဒါဘီ စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ADNOC Logistics & Services ကုမ္ပဏီသည် အဘူဒါဘီ အခြေစိုက် ပေါင်းစပ်ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်ကာ စွမ်းအင်ကဏ္ဍအတွက် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပြီး ကမ္ဘာတစ်ဝန်း ဝယ်ယူသူဖောက်သည် ၁၀၀ ကျော်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)