“ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများအပြီးတွင် အစ္စရေးက တန်ပြန်အစီအမံများ ချမှတ်၍ အခြေချနေထိုင်မှုများကို အားကောင်းစေမည်ဟု ဆို”
19 Nov
အခြေချနေထိုင်ရာနေရာများ တိုးချဲ့မှုတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီရှစ်ခုနှင့် ဂါဇာဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့မှုကို ပိတ်ဆို့တားဆီးသည်ဟု စွပ်စွဲခံထားရသည့် အစ္စရေးတက်ကြွ လှုပ်ရှားသူအဖွဲ့ Tzav 9 တို့အပေါ် ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ဗြိတိန် အပေါ် တန်ပြန်အစီအမံများချမှတ်၍ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသတွင် အခြေချနေထိုင်မှုများ အားကောင်းစေရန် နည်းလမ်းများအား စဉ်းစားမည်ဟု နိုဝင်ဘာလ ၁၇ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပိတ်ဆို့အရေးယူမှုများကို “ဥပဒေလိုက်နာသည့် ပုဂ္ဂလိကကုမ္ပဏီများ”အား ပစ်မှတ်ထားသည့် “ရန်လိုသော လုပ်ရပ်”အဖြစ် ခေါ်ဝေါ်လျက် အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar က အစ္စရေးနိုင်ငံ အနေဖြင့် ပြင်ပဖိအားများကြောင့် ၎င်း၏မူဝါဒများကို ပြောင်းလဲမည်မဟုတ်ကြောင်းနှင့် အနောက်ဘက်ကမ်းဒေသရှိ ဂျူးလူမျိုးအသိုင်းအဝိုင်းများကို အားကောင်းစေမည့် နည်းလမ်းသစ်များအား စဉ်းစားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ “အတိတ်တုန်းကလိုပဲ အစ္စရေးနိုင်ငံဟာ ဗြိတိန်အစိုးရရဲ့ လုပ်ရပ်တွေကို တန်ပြန်အစီအမံတွေနဲ့ တုံ့ပြန်မှာပါ” ဟု Sa'ar က လူမှုကွန်ရက်ပလက်ဖောင်း X တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ပြောကြားခဲ့သည်။ “လက်ရှိမှာ ဖြစ်နိုင်ခြေရှိတဲ့ တုံ့ပြန်ဆောင်ရွက်မှုအမျိုးမျိုးကို ထည့်သွင်းစဉ်းစားလျက်ရှိပါတယ်”ဟုလည်း ၎င်းကဆိုသည်။ အဆိုပါပိတ်ဆို့အရေးယူမှုများတွင် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ပင်ခြင်းနှင့် ဒါရိုက်တာများအား ရာထူး တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခြင်း၊ အခြေချနေထိုင်မှုများကို ထောက်ပံ့ပေးနေသည့် ဆောက်လုပ်ရေး၊ အိမ်ခြံမြေ ဖွံ့ဖြိုးရေးနှင့် ဗိသုကာလုပ်ငန်းကုမ္ပဏီများကို ပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူခြင်း၊ ဂါဇာဒေသသို့ ဦးတည်သွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်တန်းအချို့အား ပိတ်ဆို့တားဆီးခဲ့သည့် Tzav 9 အဖွဲ့ ကို ပိတ်ဆို့အရေးယူခြင်းတို့ပါဝင်ကြောင်း ဗြိတိန်က အစ္စရေးနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။ E1 အခြေချနေထိုင်မှုစီမံကိန်းအတွက် တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မတိုင်မီ အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ E1 အခြေချနေထိုင်မှုစီမံကိန်းသည် အနောက်ဘက်ကမ်းဒေသကို အရှေ့ဂျေရုဆလမ်မှ ခွဲထုတ်ပစ်မည့်အပြင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်ခြေကိုပါ ထိခိုက်ပျက်ပြားစေနိုင်သောကြောင့် ပါလက်စတိုင်းသား များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းစီမံကိန်းကို များစွာကန့်ကွက်ရှုတ်ချထားကြသည်။ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း က ကုမ္ပဏီများအနေဖြင့် ၎င်းလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်း မပြုကြရန် တိုက်တွန်းထားသည်။ “တင်ဒါမတင်ပါနဲ့၊ တည်ဆောက်ခြင်းမပြုပါနဲ့၊ နှစ်နိုင်ငံ ဖြေရှင်းရေးအစီအစဉ် ပျက်စီးဆုံးရှုံးရခြင်းကနေ အကျိုးအမြတ်မယူပါနဲ့” ဟု အက်ဒ် မီလီဘန်း က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစ္စရေး၏ အဆိုပါအခြေချနေထိုင်မှုများမှာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဗြိတိန်ကပြောကြားခဲ့ပြီး အစ္စရေးအစိုးရအနေဖြင့် ၎င်းအခြေချနေထိုင်ရာနေရာများ တိုးချဲ့လာစေရန် ကူညီပေးနေသည်ဟု စွပ်စွဲလိုက်သည်။ ထို့ပြင် ရွက်ဖျင်တဲများ သို့မဟုတ် ယာယီခိုလှုံရာနေရာများတွင် လူဦးရေ ၁.၄ သန်းခန့် နေထိုင်လျက်ရှိသည့် ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုဝင်ရောက်ခွင့် ပြုရန်လည်း အစ္စရေးကို ဗြိတိန်က တိုက်တွန်းသည်ဟုလည်း အဆိုပါကြေညာချက်၌ ဖော်ပြထားကြောင်းသိရသည်။ (Repost from Xinhua Myanmar)