“ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုများနှင့် ပို့ကုန်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှု ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်းခံ”

19 Nov

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) အဆင့်မှရုန်းထွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ တက်လှမ်းတော့မည့်အချိန်တွင် ကုန်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပို့ကုန်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်ထံမှ မူဝါဒနှင့် နည်းပညာဆိုင်ရာအကူအညီများ တောင်းခံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Khandaker Abdul Muktadir သည် နိုဝင်ဘာလ ၁၇ ရက် ၌ ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်နိုင်ငံဆိုင်ရာ ဌာနခွဲညွှန်ကြားရေးမှူး Jean Pesme ဦးဆောင်သည့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) အဆင့်မှ လွတ်မြောက်မည့်အချိန် မတိုင်မီ သုံးနှစ်တာ လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါဝင်မှုကို တိုးမြှင့်နိုင်ရန်အတွက် စီးပွားရေးမိတ်ဖက် ဆက်ဆံရေးများနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ(FTAs)ဆိုင်ရာ ဆွေးနွေးမှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် Jean Pesme က ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ အမျိုးသားအဆင့် တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့်စနစ် အကောင်အထည်ဖော်ရေး၊ ပို့ကုန်ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်စေရေးနှင့် FTA ဆိုင်ရာသုတေသနလုပ်ငန်းများနှင့် သက်ဆိုင်သည့်မူဝါဒနှင့် နည်းပညာဆိုင်ရာပံ့ပိုးမှုများ ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။ စီးပွားရေးဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ LDC အဆင့်မှ လွတ်မြောက် မှုမတိုင်မီ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန် ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံသည် ယခင်လက ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုချမှတ်ခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံအား LDC အဆင့်မှလွတ်မြောက်ရန် ပြင်ဆင်ချိန်အဖြစ် ၂၀၂၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သုံးနှစ် ထပ်မံပေးအပ်ခဲ့သည်။ စီးပွားရေးမရေရာမှုများ၊ ပြင်ပရိုက်ခတ်မှုများနှင့် ဆက်လက်တည်ရှိနေသည့် အားနည်းချက် များကို ထည့်သွင်းစဉ်းစား၍ ယခုကဲ့သို့ အချိန်တိုးပေးခဲ့ခြင်းဖြစ်သည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDC) တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ဥရောပဈေးကွက်သို့ အကောက်ခွန် ကင်းလွတ်ခွင့်နှင့် ပို့ကုန်ပမာဏ ကန့်သတ်ချက်မရှိဘဲ ကုန်ပစ္စည်းများ တင်ပို့ခွင့်ရရှိခံစားနေရသော်လည်း LDC အဆင့် မှ လွတ်မြောက်ပြီးနောက်ပိုင်းတွင် အဆိုပါအခွင့်အရေးများ ဆုံးရှုံးမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

19 Nov

ADVERTISE HERE .