“အမေရိကန်နိုင်ငံ၏ ချစ်ပ်ပြားတင်ပို့ခြင်းဆိုင်ရာ ကန့်သတ်ချက်အသစ်များ၏ သက်ရောက်မှုရှိနိုင်ခြေကို စင်ကာပူ နိုင်ငံ လေ့လာဆန်းစစ်နေ”
19 Nov
အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့ခြင်းအပေါ် အမေရိကန်နိုင်ငံ၏ ကန့်သတ်ချက်အသစ်များ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်နိုင်ခြေကို စင်ကာပူနိုင်ငံက လေ့လာဆန်းစစ်နေကာ ထိခိုက်နိုင်ခြေရှိသည့် ကုမ္ပဏီများနှင့် အမေရိကန်အာဏာပိုင်များအား ဆက်သွယ်ဆောင်ရွက်နေသည်ဟု စင်ကာပူနိုင်ငံ စွမ်းအင်၊ ကုန်သွယ် ရေး၊ စက်မှုဝန်ကြီးဌာနနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနတို့က နိုဝင်ဘာလ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “အခုထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်အစီအမံသစ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ ဂရုတစိုက် လေ့လာဆန်းစစ်နေပါတယ်။ ထိခိုက်နိုင်ခြေရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုတွေကို နားလည်သဘောပေါက်နိုင်စေဖို့အတွက်လည်း ကျွန်တော်တို့ ဆက်သွယ် ဆောင်ရွက်နေပါတယ်”ဟု ယင်းဝန်ကြီးဌာနများ၏ ပူးတွဲထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ အလားတူ ယင်းကန့်သတ်ချက်များ၏ အကျုံးဝင်မှုနယ်ပယ်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမေရိကန်အာဏာပိုင်များနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ အမေရိကန် ကုန်သွယ်ရေးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက ကြားဖြတ်နောက်ဆုံးစည်းမျဉ်း တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံများသို့ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်း သို့မဟုတ် နိုင်ငံအတွင်း လွှဲပြောင်းပေးပို့ခြင်းများအတွက် လိုင်စင်ရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ရုံးချုပ်အခြေစိုက်ထားသော ကုမ္ပဏီများ သို့မဟုတ် အမေရိကန်အခြေစိုက် မိခင်ကုမ္ပဏီကြီးများပိုင်ဆိုင်သည့် ကုမ္ပဏီများထံသို့ ပေးပို့မည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက်မူ သတ်မှတ် ထားသည့် တင်ပြမှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းထားပြီးဖြစ်ပါက ယင်းလိုင်စင်ရယူရန် လိုအပ်သည့် စည်းမျဉ်းနှင့် အကျုံးဝင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။ (Repost from Xinhua Myanmar)