“၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၆ သင်းထွက်ပေါ်”
19 Nov
၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ ခြေစစ်ပွဲများကို နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အတွင်း ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်မပြီးဆုံးမီ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၆ သင်း ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။ အဆိုပါအသင်းများမှာ ဆီနီဂေါ၊ မာလီ၊ ကင်မရွန်း၊ ဘီနင်၊ ဘာကီနာဖာဆိုနှင့် မော်ရိုကိုတို့ဖြစ်ပြီး ဆီနီဂေါက ၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်မြင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်ညာ၊ တန်ဇန်းနီးယားနှင့် ယူဂန္ဓာတို့က သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၇ ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၇ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၂၄ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး အိမ်ရှင် ၃ သင်းနှင့် ခြေစစ်ပွဲအောင် ၆ သင်း ထွက်ပေါ်လာပြီဖြစ်သောကြောင့် နောက်ထပ် ၁၅ သင်းသာ လိုတော့ကြောင်း သိရပါတယ်။ လက်ကျန်ခြေစစ်ပွဲ နှစ်ပွဲကို ၂၀၂၇ မတ်လ ၂၄ နှင့် ၂၈ ရက်များမှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)