“မိတ္ထီလာမြို့နယ်တွင် ရွှေပန်းတိုင်မွေးမြူရေးဇုန် စတင်အကောင်အထည်ဖော်”
16 Novမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အား စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးအထူးဖွံ့ဖြိုးရေး ဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရန် မိတ္ထီလာမြို့နယ်၊ ရွှေပဒိုင်ကျေးရွာအုပ်စုတွင် ရွှေပန်းတိုင်မွေးမြူရေးဇုန် ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ရွှေပန်းတိုင်မွေးမြူရေးဇုန်အတွင်း နို့စားနွား၊ ဥစားကြက်မွေးမြူရေးခြံများ တည်ဆောက်ရန်မြေနေရာ ချထားမှု၊ ရေပေးဝေရေးလုပ်ငန်း၊ ဇုန်ပြင်ပနှင့် ဇုန်အတွင်း လျှပ်စစ်မီးရရှိရေးတို့အတွက် ပြင်ဆင်ဆောင်ရွက် နေမှုများကို နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးစဉ် မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးတောင်သူများကို တွေ့ဆုံ၍ တိရစ္ဆာန်အစာနု၊ အစာကြမ်းရရှိနိုင်မှုနှင့် ဖူလုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ ရေလုံလောက်မှုရှိစေရေးနှင့် အပူဒဏ်ကျရောက်နိုင်သည့် တိရစ္ဆာန်အမျိုးအစားနှင့် အကောင်ရေများ တွက်ချက်ပြီး အပူလွန်ကဲခြင်းကြောင့် တိရစ္ဆာန်များအပူလျှပ်ခြင်း ဖြစ်ပေါ်နိုင်မှုကို ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ မွေးမြူရေးတောင်သူများ ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရရှိအသုံးပြုနိုင်ရေးကို တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားပြီး မွေးမြူရေးတောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)