“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သီတဂူဆရာတော်ကြီးအား ဖူးမြော်”

16 Nov

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင် အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူစက္ခုဒါနဆေးရုံတော်သို့ ရောက်ရှိကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတနှင့်ဇနီးက သီတဂူဆရာတော်ဘုရားကြီးထံ သာသနာတော်ဆိုင်ရာများ မေးမြန်းလျှောက် ထား၍ ဆရာတော်ကြီးထံမှ ဩဝါဒကထာများနာယူကာ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတက သီတဂူစက္ခုဒါနဆေးရုံတော်အတွင်း မျက်စိခွဲစိတ်လူနာများအား ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး သီတဂူစက္ခုဒါနဆေးရုံတွင် လာရောက်ကုသ ခွဲစိတ်မှုခံယူထားသည့် ပြည်သူများနှင့် မျက်စိခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ပါတယ်။ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၊ သီတဂူစက္ခုဒါနဆေးရုံတော်တွင် အခမဲ့ မျက်စိခွဲစိတ်ကုသမှု များကို ၂၀၂၃ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအကြိမ်အထိ လာရောက်မျက်စိစမ်းသပ်သူ ပြင်ပ လူနာ ၂၅,၀၂၇ ဦးကို စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်းနှင့် ခွဲစိတ်လူနာ ၇,၉၀၀ ကျော်ကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် ၅၂၂ ဦးအား လေဆာဖြင့် ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရှိပါတယ်။(NVS 004)

16 Nov

ADVERTISE HERE .