“ပြိုင်ဘက်ကစားသမားကို သေဆုံးစေခဲ့သည်ထိ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့် အန်ဒိုရာအသင်းဂိုးသမား အိုဝိုနို ကို ၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်”
15 Nov
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြိုင်ဘက်အသင်းကစားသမားကို သေဆုံးစေခဲ့သည်ထိ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့် စပိန်လာလီဂါ-၂ ကလပ် အင်ဒိုရာအသင်းမှ ဂိုးသမား အိုဝိုနို ကို ၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ စပိန်လာလီဂါ-၂ ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂ ရက်တွင် ကစားခဲ့သည့် အင်ဒိုရာအသင်းနှင့် တီနာရစ်ဖ်အသင်း တို့ပွဲစဉ်တွင် ဂိုးသမား အိုဝိုနို က တီနာရစ်ဖ်အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်လာမှုကို ကွင်းတဝက်ခန့် တက်ရောက်၍ တီနာရစ်ဖ်အသင်းကစားသမား ဒီမီဂေးလ် ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ရာ ဒီမီဂေးလ် ဟာ ကွင်းအတွင်းမှာပင် သတိလစ်မေ့မြောခဲ့ခြင်း ဖြစ်ပါတယ်။ ထို့နောက် ဒီမီဂေးလ် ကို ဆေးရုံသို့ပို့ဆောင်ကာ ဆေးဝါးကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်အတွက် စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် ခဲ့ပြီးနောက် ဂိုးသမား အိုဝိုနို ကို ၁၂ ပွဲအထိ ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် အသင်းနည်းပြ မန်ဆို က အိုဝိုနို ကို ပြစ်ဒဏ်မှကင်းလွတ်ပါကလည်း မည်သည့်အချိန်တွင် ပြန်လည်ကစားမည်ကို ကစားသမားကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးထားပြီး အသင်းတွင် ဆက်လက်ကစားလိုပါက ကစား ခွင့်ပြုမည်ဖြစ်သည့်အပြင် ကစားလိုခြင်းမရှိပါကလည်း ခွင့်ပြုပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)