“ဖလမ်းမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အဆောက်အအုံနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ ရာနှုန်းပြည့်ပြင်ဆင်ပြီးစီး”
15 Nov
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျက်စီးခဲ့သော ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း အဆောက်အအုံနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့ကို ရာနှုန်းပြည့်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အဆောက်အအုံများ၏ လုပ်ငန်းပြင်ဆင်ပြီးမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် က နိုဝင်ဘာလ ၁၃ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး အဆောက်အအုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု၊ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ လျှပ်စစ်ဝန်ထမ်းအိမ်ရာ ၂ ခန်းတွဲ ၁ ထပ် ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု၊ ပြုပြင်ပြီးစီးသည့် အဆောက်အအုံရှိ ဆယ်တင်ပစ္စည်းများ စနစ်တကျထားရှိမှု၊ အဆောက် အအုံဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဆက်လက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆/ ၁၁ ကေဗီ(၅)၊ အမ်ဗွီအေ ဓာတ်အားခွဲရုံ အဆောက်အအုံ ရာနှုန်းပြည့်ပြင်ဆင်ပြီးစီးမှု၊ စက်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် သန့်ရှင်းရေးဆောင်ရွက် ထားရှိမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးရရှိသည့်အချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရန်မှာကြားခဲ့ပါတယ်။ ထို့အတူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု၊ ရုံးလုပ်ငန်းများဆောင်ရွက်ရန် နေရာချပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ဆယ်တင်ပစ္စည်းများ စနစ်တကျထားရှိရန်၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ ထို့ပြင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖလမ်းခရိုင် တိုင်းရင်းဆေးကုဌာန ၃ ခန်းတွဲဝန်ထမ်းအိမ်ရာပြုပြင်နေမှု၊ ဖလမ်းခရိုင်တိုင်းရင်းဆေးကုဌာန ရုံးအဆောက်အအုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။(NVS 004)