“ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဆွာချောင်းတံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်နေ”
14 Nov
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၆၅/၁)ရှိ ဆွာချောင်းတံတား(အသွားလမ်း)နေရာမှာ တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်လျက်ရှိပြီး အဆိုပါတံတားကို ယခုဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း(၀ မိုင်)လမ်းဆုံရှိ Toll Gate မှာ Radio Frequency Identification Device (RFID)စနစ်နဲ့ လမ်းအသုံးပြုခ ကောက်ခံမှုအဆင့်မြှင့်တင်နေခြင်း၊ လမ်းပိုင်းအလိုက်ကတ္တရာကွန်ကရစ်(AC) ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆွာချောင်းတံတား (အသွားလမ်း) တံတားအသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် မိုင်တိုင်အမှတ်(၂၀၀/၂)ရှိ နေပြည်တော် Toll Gate မှ Telematic Command & Control Center သို့ သွားရောက်စစ်ဆေးခဲ့ပြီး ညပိုင်းတွင် ဖြတ်သန်းမှုများပြားသည့် ခရီးသည်တင် Express ယာဉ်ကြီးများကို အထူးဂရုပြု စောင့်ကြည့်ရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ပါက အရှိန်လျှော့မောင်းနှင်စေရေး သတိပေးခြင်း၊ ညွှန်ကြားချက် မလိုက်နာတဲ့ ယာဉ်များကို သက်ဆိုင်ရာသို့ တိကျစွာအကြောင်းကြားခြင်းတို့ ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ လက်ရှိမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Telematic စနစ်တပ်ဆင်အသုံးပြု၍ သွားလာနေတဲ့ ခရီးသည်တင် Express ယာဉ် ၄,၀၇၄ စီးနှင့် ကုန်တင်ယာဉ် ၂,၂၉၂ စီး၊ စုစုပေါင်း ၆,၃၆၆ စီးရှိပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်အမြန်နှုန်းများအတိုင်း မောင်းနှင်စေရန် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)