“မြန်မာ-ထိုင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြုလုပ်”

13 Nov

နေပြည်တော်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ တို့ တွေ့ဆုံ၍ နှစ်နိုင်ငံအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေနဲ့ အာဆီယံနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ တိုးချဲ့ပေးအပ်နေမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နေမှု အပါအဝင် အပြုသဘောဆောင်တိုးတက်မှုများကို အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များမှာ ဆက်လက်ပံ့ပိုးမည်ဖြစ်ပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ မြစ်ရေညစ်ညမ်းမှုအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ၊ စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေး၊ နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေး၊ သွင်းကုန်ဆိုင်ရာများနှင့် ဆက်သွယ်ချိတ်ဆက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမည့် အခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်နေမှု၊ ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်နေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လမ်းကြောင်းအတိုင်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များကို အကာအကွယ်ပေးရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာသာမက အာဆီယံမှာ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍ ပြန်လည်ရရှိရေးပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများအတွက်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်မှုများဖြစ်ထွန်းနေမှု၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် ကဏ္ဍ၊ နှစ်နိုင်ငံကြား ဆက်သွယ်ချိတ်ဆက်မှုကဏ္ဍ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကိစ္စအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့် အာဆီယံတွင် နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားရေး တို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .