“လေးမျက်နှာမြို့နယ် ရေဘေးသင့်အိမ်ထောင်စု ၃၃၄ စုကို ငွေကျပ်သိန်း ၁,၂၀၀ ကျော် ထောက်ပံ့”
12 Nov
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာငါးရွာမှ အိမ်ထောင်စု ၃၃၄ စုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဘက်စုံသုံးငွေသားထောက်ပံ့မှုအဖြစ် စုစုပေါင်းကျပ် ၁,၂၀၂ ဒသမ ၄ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အသိပေးချက်အရ သိရပါတယ်။ အဆိုပါထောက်ပံ့မှုကို နိုဝင်ဘာလ ၁၀ ရက်က ကွမ်းခြံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သရက်ကန်၊ ညောင်ပင်ဝဲ၊ ကွမ်းခြံကုန်း၊ မသဲကုန်းနှင့် ရွှေကညင်ပင်ကျောင်းစုကျေးရွာတို့မှ ရေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၃၆၀,၀၀၀ စီ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါတယ်။ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ လေ့ကျင့်ထားတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကျေးရွာများအတွင်း ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး QR Code System အသုံးပြုကာ အိမ်ထောင်စု များထံ ငွေသားထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)က အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ကြက်ခြေနီဝန်ထမ်းများနှင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ (NVS 008)