“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO စာရင်းဝင်အဖြစ် ဒီဇင်ဘာလအတွင်း စိစစ်ဆုံးဖြတ်မည်”

11 Nov

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO)၏ လူသား မျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် လာမည့်ဒီဇင်ဘာလ ၁ ရက်မှ ၃ ရက်အတွင်း စိစစ် ဆုံးဖြတ်မှာဖြစ်တယ်လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(MCHT)က သိရပါတယ်။ လက်ရှိမှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဟာ UNESCO ၏ သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီပြီး လူသား မျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ၌ စာရင်းဝင်သင့်ကြောင်း စိစစ်သုံးသပ်ရေးအဖွဲ့က ထောက်ခံအကြံပြုကာ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းထားတဲ့ အဆင့်ဖြစ်ပြီး စာရင်းဝင်အဖြစ် နောက်ဆုံးအတည်ပြု ချက်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာလ ၅ ရက်အထိ တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ရှမန်မြို့မှာ ကျင်းပမယ့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစိုးရများကော်မတီ၏ (၂၁) ကြိမ် မြောက် အစည်းအဝေး (21st Session of the Intergovernmental Committee for the Safeguarding of the Intangible Cultural Heritage) မှာ စိစစ်ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း(Representative List of the Intangible Cultural Heritage of Humanity)မှာထည့်သွင်းနိုင်ဖို့ ၂၀၂၅ ခုနှစ်က အဆိုပြုထားခဲ့တာ ဖြစ်ပါတယ်။ သနပ်ခါးလိမ်းတဲ့ အလေ့အထက မြန်မာလူ့အဖွဲ့အစည်းတွင် ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့ပြီး ပုဂံကမ္ဘာ့အမွေအနှစ်ဒေသမှာ တည်ရှိတဲ့ အပါယ်ရတနာဘုရားနှင့် စူဠာမဏိဘုရား အတွင်းရှိ နံရံဆေးရေးပန်းချီများမှာ ‌ရှေးယခင်ကတည်းက သနပ်ခါးလိမ်းတဲ့ဓလေ့ရှိခဲ့ကြောင်း အထောက်အထားများ ရှိခြင်း စတဲ့အချက်များကြောင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO သို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .