“လာမည့်ဆောင်းရာသီမှာ အယ်လ်နီညိုအခြေအနေနှင့် ရာသီဥတုသက်ရောက်မှုများ ဆွေးနွေး”
11 Nov
၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်မှုနှင့် ယင်း၏ နိုင်ငံအတွင်း ကဏ္ဍအသီးသီးအပေါ် သက်ရောက်နိုင်မှုများကို (၃၅) ကြိမ်မြောက် အရှေ့မြောက်မုတ်သုံဖိုရမ်မှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖိုရမ်ကို နိုဝင်ဘာလ ၁၀ ရက်မှာ နေပြည်တော်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံ သဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန(Multi-Hazard Early Warning Center)၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာန များမှ ကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၄၇ ဦး တက်ရောက် ခဲ့ပါတယ်။ အဆိုပါဖိုရမ်မှာ ၂၀၂၆ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသနှင့်ဇလဗေဒအခြေအနေ များကို ပြန်လည်သုံးသပ်ခဲ့တဲ့အပြင် ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆောင်းရာသီကာလ အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။ သက်ဆိုင်ရာကဏ္ဍများအနေနဲ့ ပြီးခဲ့တဲ့ မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတုဆိုင်ရာ အတွေ့အကြုံနှင့် သင်ခန်းစာများကို မျှဝေခဲ့ကြပြီး လာမည့်ဆောင်းရာသီအတွက် ခန့်မှန်းချက်များနှင့် အယ်လ်နီညို၏ သက်ရောက်နိုင်မှုများအပေါ် အခြေခံကာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)